Friday, August 29, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၎

တတိယ မြောက်နေ့ နံနက်
ပုဂံ ရောက်ပြီး တတိယ မြောက် နေ့ နံနက် တွင် ဟော်တယ် မှာ နံနက်စာ စားပြီး ဟော်တယ် က စီစဉ်ပေးသည့် ကား ဖြင့် ရွေစည်းခုံ သို့ ထွက်လာခဲ့ ကြ သည်။ ကျန်စစ်သား ဝင်သည့် တောင် ဘက်မုခ် မှကျမတို့ မြေးအဘွားဝင်ကြသည်။ ပုဂံမင်း များသည် ရွှေစည်းခုံ သို့ ဘုရားဖူး ရန် ထွက်လာ သည့် အခါ တောင်ဘက်မုခ် မှ ဝင် ကြ သည် ဟု ဆိုသည်။ ကျမတို့ မြေးအဘွားလည်း ထို မုခ်ဘေး မှ ဖြတ်ကာ ဘုရား စောင်းတန်း အခြေသို့ ရောက်လာခဲ့ ကြသည်။ မုခ်ဦး တွင် ထုံးရောင်ဖွေး နေသည့် ခြင်္သေ့ကြီး နှစ်ကောင်သည် မားမားကြီး ရပ် နေသည်။
ဒီ ခြင်္သေ့တွေ က ပုဂံခေတ်လက်ရာ တွေ မြေးရဲ့ အပိုင်းပိုင်းပြတ်နေတာ တွေ့ရလို့ ပြန်ဆက်ထား ရတာ အုတ်နဲ့ လုပ် ထား တဲ့ ခြင်္သေ့တွေ မဟုတ်ဘူး ကျောက်ခြင်္သေ့ သဲကျောက်ပေါ့ မြေးရယ်။
မုခ်ဝ အဝင် တွင် ကျောက်စာ တိုင်နှစ်တိုင် ကို တွေ့ရသည်။ ၄င်း ကျောက်တိုင်မှာ မွန်ဘာသာဖြင့် ရေးထိုးထား သော ကျန် စစ် သား၏ကျောက်စာများဖြစ်သည်။

အကြောင်းအရာ က တော့ မြတ်စွာဘုရားလက်ထက် ၌ ကျန်စစ်သားမင်းသည် ဗိသနိုးဖြစ်ခဲ့ ပြီး နောင်အခါ ထို သူမြတ်သည် အရိမဒ္ဒနပူရပြည်တွင် တရားစောင့် သောမင်း ဖြစ်လာမည်ဟု မြတ်စွာဘုရား၏ ဗျာ ဒိတ်စကားကို ရေးထားသည်ဟု ဆိုသည်။

ဘွားဘွား က လက်အုပ်ချီ ရင်း ရွှေစည်းခုံသမိုင်း ကို ဟိုတစ်စ ဒီတစ်စ ပြောပြနေသည်။ အနော်ရထာမင်း သည် သရေခေတ္တရာ မှ နဖူးသင်းကျစ် ဓါတ်တော် ကို ပုဂံသို့ ပင့်ဆောင်ခဲ့ပြီးဆင်ဖြူ ၌ တင်ကာ ဓါတ်တော်မွေတော် ကိန်းဝပ် လိုသော အရပ်တွင် ဆင်ဖြူဝပ်စေ ဟု အဓိဌာန် ၍ လွှတ်လိုက်သည်။ ဆင်ဖြူဝပ်ရာ သဲစည်းခုံ ၌ ရွှေ စည်းခုံ စေတီ ကို တည်သည်ဟု ဆိုကြတယ် မြေးရဲ့ ။ဘွားဘွားပြော သည့် ပုဂံသမိုင်း ကို နားထောင်ရင်း ကျမ လက်ထဲ မှ ကင်မရာဖြင့် ဓါတ်ပုံများ တဖျတ်ဖျတ် ထောင့် ပေါင်းစုံ မှ ရိုက်သည်။အနော်ရထာမင်းလက်ထက်၌ ပစ္စယာသုံးဆင့် အထိသာ ပြီးစီးသည် ကို ကျန်စစ်သားက ဆက်၍တည်ရသည်။

ကျောက် အုတ် တို့ ကို ပုဂံ အ ရှေ့ ဘက် ခြောက်မိုင် အကွာ ရှိ တူရွင်း တောင်မှ စေတီအရောက် ပုဂံပြည် သူပြည် သား များ စီတန်း ၍ လက် ဆင့် ကမ်းယူကြသည်ဟု ပုဂံ ရာဇဝင်များ က ဆိုသည်။ ရွှေစည်းခုံမှာ မြေ စိုက် စေ တီဖြစ်သည်။ ပစ္စယံသုံးဆင့် ရှိသည်။ ပစ္စယံ သုံးဆင့် စလုံး တွင် စဥ့်စိမ်းသုတ် ရုပ်ကြွအုတ်ချပ်များဖြင့် ငါး ရာ့ငါး ဆယ်ဇာတ်များ ကို သရုပ် ဖေါ် ထား သည်။ ပစ္စယံ သုံးဆင့် ပြီးလျင် ရှစ်ထောင့် ကြာပန်း၊ ကြည်းပန်း၊ ခေါင်း လောင်းပုံ၊ ရင်ဖွဲ့ ခါးပတ်၊ သပိတ်မှောက်၊ ဖေါင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ထို့ နောက် ပဉ္စလောဟာ၊ ခြရား သီး၊ ထီးတော် စသည်ဖြင့် တန်ဆာဆင် ထားသည်။

လေးဘက်လေးတန် မျက်နှာတိုင်း ၌ အုတ်လှေကား သုံး ဆင့် ခပ်ပြေပြေ တက်သွားသည်။ ပစ္စယာ ထောင့် စေတီများ၌ ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်သည်။စေတီတစ်ခုလုံးမှာ သဲစည်းခုံထက် ရွှေတောင်ကြီး တစ်ခု ပေါက်နေသည့်အလား နေခြည်တွင် ရွှေရည်ဝင်းနေလေသည်။ ဒါ ကကြေးဂူတိုက်လို့ ခေါ်တယ် မြေးရဲ့ ။ ဘုရား လေးဘက်လေးတန် အလယ်တည့်တည့် ဘုရားဆင်းတုတော်ကို ဖူးမြှော်ကြည်ညိုဖို့ တသီးတခြားစီ တည် ဆောက်ထားတာ။ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဆို တဲ့ ပွင့်တော်မူပြီး ဘုရားလေးဆူရဲ့ မတ်ရပ်ပုံ ဆင်းတုတွေပဲ။ နောက်ရက်မှာ ထပ်လာတာပေါ့ မြေး ရယ်။ ရွှေစည်း ခုံ စေတီအားဖူးမြှော်ရင်း ကြည့်ရှု လေ့ လာစရာတွေ တရက်နှင့် မကုန်နိုင်မှန်းသိသည်။ဘွား ပင် ပမ်း နေ ပြီဖြစ် သည့်အတွက် ကျမတို့ ဟိုတယ်သို့ ပြန် လာခဲ့ကြသည်။

ဟို တယ်သို့ ပြန်ရောက် ၍ နေ့လည်စာစားပြီးသည် နှင့် ကျမ သိလိုသည့် အချက်အလက် များ ကိုဘွား ဘွား အားမေးသည်။ ဗုဒ္ဓဘာသာ မဟာယာန ဂိုဏ်းဖြစ်ပေါ်လာ မှု နှင့် ဘယ်နေရာ မှာ ထွန်းကားတယ် ဆိုတာရယ် မဟာယာန နဲ့ ထေရဝါဒ ဘယ်လို ကွာခြားတယ်ဆိုတာကို ရှင်းပြပေးပါလား ဘွား ဘွား။

အသောက မင်း ကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်း ပြို ကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေ ကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြတယ်။ ဗုဒ္ဓဘာသာ အရှိန်မှေးမှိန်သွားသော်လည်း တိုးတက်မှုရှိ တဲ့ အပိုင်း များ က ဥပမာ။ ငါးရာ စုနှစ်များအလယ်ပိုင်း လောက်မှာ နိုင်ငံတကာက သံဃာတော်များ ပညာ သင်ကြားရ တဲ့ နာလန္ဒတက္ကသိုလ် ဆိုတာ စတင် တည် ထောင်တယ် ဂုပတားမင်းဆက် ၊ ပါလာမင်းဆက် တွေက တိုးချဲ့ ဆောက် လုပ် လှူဒါန်းကြတယ်။

အဲဒီ တက္ကသိုလ်ကြီးမှာ လည်း နောက်တော့ မဟာယနကြီးစိုးလာ ပြီး အဲဒီကျောင်းဆင်းဖြစ်တဲ့ ပဒ်မာဆမ်ဘာဝါ ကနေပြီး တိဘက် ဗုဒ္ဓဘာသာ လာမား ဂိုဏ်းကို တည်ထောင်ခဲ့သူဖြစ်တယ်။
မဟာယာနဂိုဏ်း ကတော့ မေတ္တာ ဂရုဏာ။ တရားက ရှေ့ဆောင်ဖြစ်တယ်။ သတ္တဝါအပေါင်း ကိုကယ်တင် ရန် မိမိ ကိုယ်တိုင်ဗောဓိ သတ္တတည်း ဟူတဲ့ ဘုရားလောင်းကျင့်စဉ် ကို လိုက်နာခြင်းအမှုလည်းရှိတယ်။ သတ္တဝါ အပေါင်း ကို ဆင်းရဲဒုက္ခ မှ ကယ် တင် ရန်အတွက် နိဗ္ဗာန်မဝင်သေးပဲ စောင့်ရှောက်ကြသော ဗောဓိသတ္တများ တနည်းပြောရရင် ဘုရားလောင်းများ ကို လူတို့ ကိုးကွယ်ဆည်းကပ်ခြင်းအမှု လည်းရှိတယ်။

ထေရဝါဒဂိုဏ်း ကတော့ ဒါန ၊ သီလ ၊ ဘာဝနာပွားများ ၍ မဂ်ဖိုလ် နိဗ္ဗ္ဗာန် ဆိုက်ရောက်ရေးသည် အဓိက အ ချက် ဖြစ်တယ်။ ကျေးဇူးတင်ပါတယ် ဘွားဘွားရယ်။

7 comments:

ဘလူးဖီးနစ် said...

ဗဟုသုတတွေ အများကြီးရယူသွားပါတယ်။

ဖြိုးငယ် said...

အမရေးလိုက်တိုင်းကို ကောင်းနေတာပဲဗျို့
ဆက်အားပေးနေမယ်ဗျာ

Heartmuseum said...

အခုမှ အရှိန်ရလာတယ်.... ဆက်ရေး အမရေ....

မာရေးသျှင် said...

ဘုရားစေတီ
စီရရီနှင့်
ပုဂံဆီသို့ ရောက်ခဲ့ပြီ။

စိုင်းစိုင်းလားရှိုး said...

လှည်းဝင်ရိုးသံ တညံညံနဲ့
စည်ကားနေတဲ့ မြို့ဟောင်းကို
ရောက်နေသလိုပါပဲ........

Republic said...

လာရောက်ဖတ်ရှုပါတယ် မသက်ဇင်၊၊ အမြဲလည်းအားပေးပါတယ် ၊၊ခုလို ဝေမျှ ရေးသားတာကိုလည်းကျေးဇူးတင်တယ် ၊၊ကောင်းတယ် မသက်ဇင် .. ငြိမ်းချမ်းပါစေဗျာ ၊၊

thihanyein said...

အဟား သမိုင်းနဲ့ကိုင်ပေါက်လို့ရပြီ
မနိုင်ရင် အမဆီကိုလွတ်လိုက်မယ်
အမပြောပြလိုက်တော့ အဟီး