Sunday, August 31, 2008

ကျန်စစ်မင်း သို့ မဟုတ် ထီးလှိုင်ရှင် သို့  တမ်းချင်း

ပုဂံ မြေ ရယ်
ကျမ အချစ်တွေ ကို ထီးလှိုင်ရှင် နားလည် နိုင်ပါ့ မလား
သူရဲကောင်း ကို ချစ်တတ် တဲ့ ကျမ အလွမ်းမီးတောက် တွေ
အကြိမ်ကြိမ် လောင်ကြွမ်း မခံနိုင် တော့ ဘူး

ပုဂံမြေ ရယ်
ထီးလှိုင်ရှင် ကို ပြောပေးပါ အထီးကျန်ဆန် တဲ့ နှစ်များစွာ ကို
ကျမ မဖြတ်သန်း ချင်တော့ဘူး

တန့်ကြည့် တောင်တန်းတွေ ကို ထိုးခွဲ လို့ 
ဧရာဝတီ က ကျမ ကို လက်ပြ နှုတ်ဆက် ရင်း
စီးဆင်းမြဲ စီးနေ တယ် လေ

မင်းကျန်စစ်ပြော မယ့် နှုတ်ထွက်စကား တွက်
တလက်လက် မနက် တွေ ခဏ ခဏ လင်းစေချင်တယ်

ဖြစ်လေရာ ဘဝ တိုင်း သူရဲကောင်းရဲ့ အချစ်တွေ နဲ့ 
ကြည်နူး မှု တွေ ဖြတ်ဖြတ် လူး လို့ 
မိန်းမူးနေချင် သူ က ကျမ ပါ

ဖြတ်သန်းခဲ့ တဲ့ ပုဂံ ရာဇဝင်
ထီးလှိုင်ရှင် သူရဲကောင်း ကို မှ
ကျမ စွဲလန်း မိခဲ့ တယ်။ ။

မသက်ဇင်

31 comments:

Republic said...

ပုဂံ သမိုင်းရာဇ၀င် တွေကို တန်ဖိုးထားရေးတတ်တဲ့ မသက်ဇင် ရဲ့တမ်းချင်း ကနှစ်သက် လွမ်းမွေ့ဖွယ်ပါ ၊၊
ကျွန်တော်က သမိုင်းရာဇ၀င် ဗဟုသုတ နည်းလို့ ရေးပေးတဲ့ ကော်မန့် က မလေးနက် မှာစိုးလို့ပါ ၊၊

ငြိမ်းချမ်းပါစေဗျာ ၊၊

Nu said...

မသက်ဇင်ရဲ့ လွမ်းဆွတ်ဖွယ် စာတွေကို လာရောက်ဖတ်ရှု ခံစားသွားပါတယ်။ ငယ်ငယ်က သိပ်နှစ်သက်ခဲ့ဖူးတဲ့ “ပုဂံ သူရဲကောင်းများ” ကို သတိရသွားတယ်။ ဆရာ သော်တာဆွေ ရေးတာလို့ မှတ်မိတာပဲ။ Online ရနိုင်ရင် လမ်းညွှန်ပေးပါ။ ဖတ်စရာတွေက များတော့ နောက်ထပ်လာပါဦးမယ်။ ဒီလို ပညာရပ်စာမျိုး ရေးသားဖြန့်ဝေတာ လေးစား၊ ကျေးဇူးတင်ပါတယ်။

ကိုရုပ်ဆိုး said...

“ကြည်နူး မှု တွေ ဖြတ်ဖြတ် လူး လို့ 
မိန်းမူးနေချင် သူ က ကျမ ပါ”
ကောင်းလိုက်တဲ့ စာသားလေးဗျာ....
မသက်ဇင်က .. ကဗျာရေးပါကောင်းတာပဲ။

သားငယ် said...

ကဗျာလေးထဲက အသုံးအနှုန်းတွေကကောင်းတယ်ဗျာ.... အားပေးနေတယ်အမရေ....

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ ...
ကျန်စစ်သားမင်းကြီးသာ ဖတ်ရရင်
အမကို ဆုတော် များ ချီးမြင့်မှာ သေချာတယ် ..

ဖြစ်လေရာ ဘဝ တိုင်း သူရဲကောင်းရဲ့ အချစ်တွေ နဲ့ 
ကြည်နူး မှု တွေ ဖြတ်ဖြတ် လူး လို့ 
မိန်းမူးနေချင် သူ က ကျမ ပါ
ဒီအပိုဒ်လေးက တော့ အရမ်းကောင်းလွန်းတယ်ဗျာ ...

မာရေးသျှင် said...

နှစ်ပေါင်းရှည်ကြာ
မြစ်ဧရာသည်
ဗျူဟာသနင်း
ကျန်စစ်မင်းနှင့်
ရင်တွင်းတည်ဖြစ်
သူ့အချစ်ကို
မြေးမြစ်တို့အား
ပြောကြားမပျက် ပြောလျက်။…..။

winlatt said...

ဘ၀ရဲ့ဖြစ်လေရာမှာ..
ချစ်တဲ့သူ သူရဲကောင်းကို
မိန်းမူးလို့ ရူးတဲ့အထိ
ဖြတ်ဖြတ်လူး အသဲတုန်..
ရင်ခုန်ပြီးကြည်နူးရအောင်..
ရာဇ၀င် ပုဂံမင်းကိုမှ
စွဲလန်းသူ နှမငယ်အတွက်..
ထီးလှိုင်ရှင် မင်းကျန်စစ်ကို
နားလည်စေ ထပ်ကူလို့ ပြောရအောင်..
တန့်ကြည့်တောင် မြစ်မင်းရေ၀တီတို့ရေ..
ဖေးကူလို့ပေး...။
(စကားလုံးတွေ ရှာရသိပ်ခက်တာဘဲ အမရေ..)

ကိုစွမ်း said...

ထီးလှိုင်ရှင်သူရဲကောင်းကိုမှ သွားပြီး စွဲလမ်းမိတာကိုး အမရဲ့..သူရဲကောင်းတွေရဲ့ အချစ်တွေနဲ့ ကြည်နူးမှုတွေ ဖြတ်ဖြတ်လူးလို့ မိန်းမူးနေချင်သူက ကျမပါ ဆိုတဲ့ စကားလုံးလေ အရမ်းလှတယ် အမရယ်။

စိုင်းစိုင်းလားရှိုး said...

တိုင်းပြည်ရေးရာနဲ့ မအားလပ်သူ
ဘုရင်ကျန်စစ် မင်းအချစ်အား
စွဲလမ်းလေသူ သက်ဇင်မယ်အား
မင်းနားခစား ကမ်းသစ်ပင်နှယ်
ရင်တမမ ဆွေးအအဖြင့်
စွဲလမ်းစိတ်ရယ် ပြယ်ပါစေကြောင်း
ကျွန်ုပ်ရဲထွတ် တောင်းဆုပြုပါသည်

စိုင်းလောင်မိန်းသက် said...

Hello Ma Thet Zin,

I love this POEM and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

ညီအကိုများ said...

အရမ်းကောင်းပါတယ်..မသက်ဇင်ရေ...
ကိုနေ(YNP)
www.ynp-net.info

Canada Myanmar Group said...

အင်း ကဗျာ စပ်တော့ လည်း ကောင်းတာပဲ အချိန်တွေ
တော်တော် ပေးတယ် နော် ..အားပေးလျှက်ပါ

Heartmuseum said...

တန့် ကြည့် တောင်တန်းတွေ ကို ထိုးခွဲ လို့ 
ဧရာဝတီ က ကျမ ကို လက်ပြ နှုတ်ဆက် ရင်း
စီးဆင်းမြဲ စီးနေ တယ် လေ....
မိုက်တယ်ဗျ.....
စကားမစပ် အမရေ......
မင်းကျန်စစ်က ပွေတယ်နော်...ဟီ...ဟိ

ညီအကိုများ said...

ကဗျာလေးကိုကြိုက်တယ်အစ်မရေ။နောက်လည်းကဗျာတွေဆက်ရေးပါဦးနော်။

မိုးကြယ်(ယိမ်းနွဲ့ပါး)

သက်ထွန်းညိမ်း said...

အမခင်ဗျာ....ကျနော်လည်း သူတို့လို့ ရေးချင်တာ
အဟီး......မထွက်တော့ ဘယ်လိုရေးရမှန်းမသိခဲ့ဘူး
အဲ အမက ကဗျာလည်းရတာပဲဗျနော်...ရေးအမရေး
အားပေးတယ်ဗျ...

သင့်လူ said...

မသက်ဇင်ရေ။
အလုပ် မအားလွန်းလို့ comment ၀င်ပေး မလို့ မပေး ဖြစ်ဘူး။ စာတွေတော့ လာဖတ်ဖြစ်ပါတယ်။ ကျွန်တော် ထင်တာ မမှားဘူး ဆိုရင် မသက်ဇင် မှာ ပုဂံ အလွမ်း ရှိလိမ့်မယ်။ လွမ်းမယ် ဆိုလည်း လွမ်းလောက် စရာ ကိုး။ ကျွန်တော် ကတော့ မသက်ဇင် လိုစိတ်မထားတတ် ဘူးနဲ့တူတယ်။ အမှန် အတိုင်း ၀န်ခံ ရရင် စာဖတ်သူ ကိုဆွဲဆောင် နိုင်ဖို့ထက် သူများ မသိ တာ ငါသိတယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ကျေနပ် စိတ်ကြီးဝင် တဲ့ စိတ်က ဦးဆောင်ပြီး စာရေး မိသလို ဖြစ်နေပါတယ်။ သမိုင်း နဲ့ ပါတ်သက်လို့ ကျွန်တော့် ရဲ့  expertise subject မဟုတ်ပေမဲ့ ဖတ်တာ၊ လေ့လာတာ၊ စုဆောင်းတာ များလွန်းလာတော့ ရေးချင်စိတ် ပေါ်လာလို့ ရေးမိရာ ကနေ မဆုံးနိုင်တော့ ဘူးဖြစ်နေတယ်။ ဒါတွေရေးဖြစ်တာ အရင် သမိုင်းကျမ်း တွေမှာ ပါတဲ့ ဇာတ်လမ်းတွေဟာ ဟုတ်ရော ဟုတ်လို့လား။ too dramatic and well planned history ဆိုတာ လူ့လောက မှာရှိရော ရှိလို့လား ဆိုတဲ့ မယုံ သင်္ကာ စိတ်က လှုံ့ ဆော်လို့ပါ။ ဒါကြောင့် သုတေသန ကို အဓိက အားပြုရေးတဲ့ ဆရာ သန်းထွန်း ရဲ့  paper တွေအပေါ် base လုပ်ပြီး ရေးတာပါ။ ဦးကုလားတို့ မှန်နန်း တို့ မသုံးသလောက်ပါပဲ။ ဒါတွေ မဟုတ်ဘူး လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မယုံဘူး ဆိုတဲ့ စိတ်က လွှမ်းမိုးနေလို့ ပါ။ ကျွန်တော် က သမိုင်းဆိုတာ ကို ဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ ဒို့မြန်မာ ဘိုးဘေး တွေ ဘောင်းဘီ ပဲဝတ်တယ်။ ဘောင်းဘီ ၀တ်သက် က နှစ်လေးထောင် လောက်ရှိပြီ။ ပုဆိုး ၀တ်တဲ့ ကုလား ယဉ်ကျေးမှု ကို အတုယူတာ နှစ် (၇၀၀) လောက်ပဲ ရှိသေးတယ်။ ဒါကြောင့် ဘောင်းဘီ ၀တ်တာ ဘိုးဘွား အမွေ။ ပုဆိုးဝတ်တာ ကုလားအမွေ၊ ဒို့ဘိုးဘွား အမွေ ဆိုတာကို အော်တော့မယ် ဆိုရင် ဒီလောက်တော့ အရင်ဆုံး သိအောင်လုပ်ထား ဆိုတဲ့ တင်ပြချက် မျိုးကို အလွန် အမင်းကို စိတ်ထဲ စွဲနေလို့ အခြား ဇာတ်သမိုင်းတွေ က မတိုးဘူးလို ဖြစ်နေတယ်လေ။ သို့သော် မသက်ဇင် ရဲ့  ပုဂံ အလွမ်း စာတွေကို ဖတ်ရတော့လည်း ရသ နွယ်တဲ့ အတွက် တစ်မျိုးကောင်းပြန်ပါတယ်။ ဒီလိုပဲ သူ့အမြင်၊ ကိုယ့် အမြင်ရှိကြရမှာ ထုံးစံပေါ့။ ကြိုးစား အားထုတ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ စာတွေ အပေါ်လေးစား သမှု ရှိပါတယ်။ ကျွန်တော်ပြောလို့ နောက်မတွန့်သွား နဲ့နော်။ ဆက်ရေး ပါ မသက်ဇင်။

ကောင်းအောင် said...

အစ်မရေ... အစ်မချစ်တဲ့ ပုဂံမြေက ထီးလှိုင်ရှင်ကို သည်တမ်းချင်းလေး အရောက်ပို့ပေးမှာပါဗျာ... ကဗျာလေး အရမ်းကောင်းတယ် အစ်မ...

Than Kyaw Htay said...

အစ်မ မသက်ဇင် ---
ကဗျာဖတ်ပြီး ရေရေ လည်လည် ခံစားလွမ်းမောရတယ်
ဗျာ။ နှစ်ပေါင်း တစ်ထောင် လောက်က ပုဂံ ပြည့်ရှင် ကျန်စစ်သားမင်းကို အမချစ်တဲ့သူရဲကောင်း အဖြစ် ခံစား
ရေးဖွဲ့ထားတာ ကျန်စစ်သား များသိရရင် ဘယ်လောက်
များဝမ်းသာရှာမလဲ။ ဖြစ်လေရာဘဝ တိုင်း သူရဲကောင်း
ရဲ့ အချစ်တွေနဲ့ ကြည်နူးမှုတွေ ဖြတ်ဖြတ်လူးလို့ မိန်းမူးနေချင်သူက ကျမပါ။ ကောင်းတယ်ဗျာ။ကျွန်တော်သာ တံခိုးရှင် ဖြစ်ခဲ့ရင် ထီးလှိုင်ရှင်ကို အစ်မ နားအရောက် ပို့ပေးချင်ပါတယ်။

winlatt said...

မဏိစန္ဒာသခင်မ
အရင်ဘ၀ဖြစ်ခဲ့လေသလား...
ထီးလှိုင်ရှင် ပုဂံသူရဲကောင်းရဲ့
သစ္စာအလှတရား အပေါ်မှာ
အရိန္ဒမာသက်သေတည်သလိုမျိုး
ဘယ်သို့မျိုး နှမ ဖေါ်ညွှန်းမယ်..
အရှင်းတကယ် အကျွန်သိချင်လှတယ်..
ပြောပြပါလား...။

myooo.nyan said...

ကောင်းလိုက်တဲ့ Classic ကဗျာလေးဗျာ အားပေးနေပါတယ်

Apprenticeship said...

တမ်းချင်းက သက်ရှိ ကျန်စစ်မင်းဆီ ပို့လေလား ထင်ရတယ်..။ အရမ်းကောင်းတယ်... ခံစားချက်တွေထင်ဟပ်နေတယ်...။ အားပေးတယ် မသက်ဇင်ရေ......။

Phyo Evergreen said...

ကဗျာဖတ်ရင်း...ဆွတ်ပျံ့လွမ်းဆွေးသွားပါတယ်...။

ဇင်ယော် said...

အစ်မရေ..မအအောင်လို့  သင်ခဲ့ ရတဲ့ သမိုင်းကို ပြုစုတင်ပြတာ ကောင်းသလို ကဗျာစပ်တာလည်း ကောင်းလှချည်လား။ လေးစားအားကျမိပါတယ် အစ်မရယ်။
တန့် ကြည့် တောင်တန်းတွေ ကို ထိုးခွဲ လို့ 
ဧရာဝတီ က ကျမ ကို လက်ပြ နှုတ်ဆက် ရင်း
စီးဆင်းမြဲ စီးနေ တယ် လေ။
ထိရှတဲ့  အရေးအဖွဲ့ လေးက လူကို
ဧရာဝတီကို ချစ်တတ်အောင် သင်ပေးနေသလိုပဲ။

တားမြစ် ထားသော... said...

ဘာပြောရမလည်း အမရေ။
ကဗျာရေးထားတာတွေ့တော့ အရမ်းစိတ်ဝင်စားသွားတယ်။ ကျွန်တော်စိတ်မှာ မြင်နေတဲ့ မသက်ဇင်က တစ်မျိုးကိုး။ ဒါပေမဲ့ အခုတော့ အလွမ်းတွေနဲ့ မသက်ဇင်ဆိုတာကို ဖြတ်ခနဲလေး တွေ့လိုက်ရတယ်။

“အမရဲ့ ချစ်ခြင်းတွေ မြစ်ပြင်ဧရာလို အစဉ်မပြတ် စီးဆင်းနေနိုင်ပါစေဗျာ။”

Soe Mya Nandar Thet Lwin (Borros Roxo) said...

ပုဂံနဲ့ ကျန်စစ်သားမင်းကြီးကို ချစ်တယ်။ ကျန်စစ်သားကို ရင်ခုန်မိတယ်။ စွဲလမ်းမိတယ်။

မသက်ဇင် ခံစားချက် အပြည့်နဲ့ ရေးတဲ့ ကဗျာကိုဖတ်သွားတယ်။

အရမ်းကို ကောင်းတဲ့ တမ်းချင်းကဗျာပါပဲ။

အားပေးတယ် မသက်ဇင်ရေ......။

ပျော်ရွှင်အဆင်ပြေပါစေ...
SMNTL

ဖိုးဂျယ် said...

ဘယ်လိုများစဉ်းစားပြီးရေးလိုက်ပါလိမ့်။ ဖတ်နေရင်းနဲ. ပုဂံကိုရောက်သွားတယ်ဗျာ။ တန်.ကြည့်တောင်ပေါ်ကို နောက်တစ်ခေါက် ပြန်ရောက်သွားသလိုပါပဲ။

ဟိန်းညီ said...

အစ်မ....ပုဂံမြေမှာဇာတ်လမ်းလေးတွေရှိခဲ့မယ်
ထင်တယ်နော်။မောင်လေးမှန်းရင်မှန်တတ်တယ်ဗျ။ :)
ကဗျာလေးတွေဆက်ရေးအုံးလေ အစ်မ။

တက်လူငယ် said...

ပုဂံမြေ ရယ်
ထီးလှိုင်ရှင် ကို ပြောပေးပါ အထီးကျန်ဆန် တဲ့ နှစ်များစွာ ကို
ကျမ မဖြတ်သန်း ချင်တော့ဘူး

ဒီအပိုဒ်ကလေးကို ပိုပြီးတော့ သဘောကျတယ်။ ကဗျာတစ်ပုဒ်လုံး ကောင်းတယ်ဗျာ။

မင်းသန့်  said...

သေသပ် ကောင်းမွန် လှပတဲ့ စကားလုံးတွေကို သုံးထားပြီး ကိုယ့်ခံစားချက်ကို ပေါ်လွင် ရေးနိုင်တဲ့ အတွက် ချီးကျူးပါတယ်ဗျာ..။
ကျွန်တော် ထင်တာ မမှားရင် အစ်မက ကဗျာ ဆောင်းပါးတွေကို စာပေ မဂ္ဂဇင်းတွေမှာ ရေးဘူးတယ် ထင်တယ်နော်..။ စကားလုံး အသုံးအနှုန်းတိုင်းက စာဖတ်သူကို စွဲဆောင်မှု ရှိစေတယ်။

p said...

မသက်ဇင်
Shwe လဲလာလည်ပါတယ်။

နန်း said...

ဖြစ်လေရာ ဘဝ တိုင်း သူရဲကောင်းရဲ့ အချစ်တွေ နဲ့ 
ကြည်နူး မှု တွေ ဖြတ်ဖြတ် လူး လို့ 
မိန်းမူးနေချင် သူ က ကျမ ပါ


ရင်ထဲစူးဝင်သွားတယ်
ခံစားရတယ်